အရပ်ကတိစာချုပ်
အရပ်ကတိ စာချုပ်
ဥပဒေရေးရာအဖြာဖြာ အပိုင်း(၂၆)
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
လမ်းဘေးဈေးဆိုင်
ဆရာရယ် ...။
စာချုပ်တစ်စောင် ချုပ်ချင်လို့ပါ။ ဆရာ့အနေနဲ့ အသိသက်သေ လက်မှတ်ထိုးပေးပါ။ ဘယ်ရုံး၊ ဘယ်ဌာနကိုမှ မသွားချင်လို့ပါ။ လမ်းဘေးဈေးဆိုင်က ဝယ်လာတဲ့ ငါးကျပ်တန် တံဆိပ်ခေါင်း ပါလာပါတယ်။ အခုချက်ချင်း စာချုပ်ရေးပေးပါ။ ပြီးရင် နှစ်ဖက်သဘောတူ ပါတယ်။ မြန်မြန်ကလေး လုပ်ပေးပါနော် ...ဟုရင်းနှီးသော မိတ်ဆွေတစ်ဦးက ကျွန်တော်၏ ရုံးခန်းသို့လာပြီး အကူအညီတောင်းသည်။
ဖြည်းဖြည်းအေးအေး
ကျွန်တော်က ''ခဏထိုင်ပါဦး၊ စာချုပ်ချုပ်တယ်ဆိုတာ ဖြည်းဖြည်းအေးအေး ရေးရ၊ချုပ်ရတယ်။ အချက်အလက်စုံ၊ မစုံသေသေချာချာ စိစစ်ရတယ်။ နှစ်ဖက်သဘော ထားကိုလည်း မေးမြန်းရတယ်။ နှစ်ဖက်သဘောတူမှ သက်သေ အစုံအလင်နဲ့ သဘောတူညီချက် ရေးရတာ။ ရေးသားချက်ကိုလည်း ပြန်ဖတ်ပြရတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်တွေ ရှိတယ်။ စာချုပ်စာတမ်း ဥပဒေရှိတယ်။ အလွယ်လုပ်ဖို့ မသင့်ဘူး။ အရပ်ကတိ စာချုပ်ချုပ်မပေးဘူး။ ဥပဒေနဲ့ အညီရေးတဲ့ စာချုပ်ဖြစ်ရမယ်။ ဒါမှရေရှည် တည်တံ့မယ်။ အသက်ဝင်မယ်။ ဒီလို၊ ဒီလိုရှိပါတယ်''ဟု အစချီကာ ဥပဒေနှင့် ညီညွတ်သော စာချုပ်အကြောင်း ကျွန်တော် ရှင်းပြသည်။
ကျွန်တော့်မိတ်ဆွေကတော့ စိတ်ရှည်ဟန်မတူပါ။ အရပ်ကတိစာချုပ်၊ လမ်းဘေးစာချုပ်ကိုသာ ချုပ်ချင်ဟန်ရှိသည်။ သူ့အတွက် ကျွန်တော် အားနာမိသည်။ စိတ်မကောင်းဖြစ်မိသည်။
ဘာစာချုပ်လဲ
အမွေစာချုပ်လား။ အရောင်းအဝယ် စာချုပ်လား။ အလွှဲအပြောင်း စာချုပ်လား။ ဘာစာချုပ်လဲ။ စာချုပ်အမျိုးအစား အကြောင်း တိတိကျကျ သိဖို့လိုသည်။ တိကျဖို့၊ သေချာဖို့၊ နှောင်ကြိုး ကင်းဖို့၊ အရှုပ်အရှင်းကင်းဖို့ လိုသည်။ တန်ဖိုးမည်မျှလဲ။ အမွေဆိုင်တွေက ဘယ်သူတွေလဲ။ ပူးတွဲလား။ သီးခြားလား။ ဘာပစ္စည်းလဲ။ အိမ်လား။ တိုက်လား။ အတွင်းပစ္စည်း ပါသေးသလား။ တံဆိပ်တော်ခွန် ပြဿနာ တစ်ခုချင်းအလိုက် တံဆိပ်တော်ခွန် ကပ်ရမည်။ ပြီးလျှင် တရားဝင် စာချုပ်ဖြစ်အောင် မှတ်ပုံတင်ရမည်။ ဘယ်ရုံးမှာ မှတ်ပုံတင်မည်လဲ။ လမ်းဘေးက ဝယ်သည့်တံဆိပ်ခေါင်းနှင့် အလုပ်ဖြစ်ပါ့မလား။ ကြုံရာဆုံရာ ဖြစ်သလို အဖိုးနည်း အိုးကွဲလုပ်မည်လား။ လမ်းဘေးမှာ အသင့်ရေးပြီး ကွန်ပျူတာစီပြီး တံဆိပ်ခေါင်းနှင့် ချုပ်ဆိုမည်လား။ မပြည့်စုံသေး။
စပ်ဆိုင်သောဥပဒေများ
(၁) ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ
(၂) ပဋိညာဉ် အက်ဥပဒေ
(၃) မှတ်ပုံတင် အက်ဥပဒေ
(၄) တံဆိပ်တော်ခွန် အက်ဥပဒေ
စသည့် ဥပဒေများနှင့် အညီ စာချုပ်ချုပ်ရပါမည်။ အခြားစပ်ဆိုင်သော ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ၊ အတွေ့အကြုံများကိုလည်း လေ့လာမှတ်သား ရပါမည်။ ရှုထောင့်အစုံ ဖြစ်သည်။
အချိန်ပေးပါ
အချိန်ပေးဖို့ လိုပါသည်။ ချုပ်ဆိုပေးမည့်သူ (ရှေ့နေ)လေ့လာပါစေ။ တတ်သိပါစေ။ သဘော ပေါက်ပါစေ။ ချုပ်ဆိုမည့်သူ၊ သက်ဆိုင်မည့် သူများအားလုံး စုံညီပါစေ။ သိပါစေ။ နားလည်ပါစေ။ သူများယောင်၍ အမောင်ယောင်မိခြင်း မလုပ်နှင့်။ အသိဥာဏ် မကင်းမဲ့နှင့်။ သဘောမတူလျှင် မတူဘူးပြောပါ။ စာချုပ်ချုပ်ပြီးမှ စိတ်ပြောင်းသွားခြင်းမျိုး မဖြစ်သင့်ပါ။ ''သေချာမှ နေကြာစိုက်ပါ''ဟု ပြောလိုသည်။ စာချုပ်ချုပ်ပေးသူ ရှေ့မှာဖြင့် အားလုံး သဘောတူသည် ပြောသည်။ အားလုံးပြီးမှ ဒီအချက်ပြင်ပေး၊ ဟိုအချက် ပြင်ပေးဆိုလျှင် နောက်ကျသွားပါပြီ။ စာချုပ်အတိုင်း၊ လက်မှတ်ထိုးပြီးသည့် အတိုင်းကျေနပ်ရမည်။ သဘော တူရမည်။ အခု စာကလေးကြော်၊ အခုဆီထမင်း မပြင်ပါနှင့်။
ကိုယ်စားလှယ်လွှဲစာ
အချို့က ကိုယ်တိုင်မလာ။ ကိုယ်တိုင် လက်မှတ်မထိုး။ ကိုယ်စားလှယ် လွှဲစာဖြင့် စာချုပ် လက်မှတ်ထိုးသည်။ အမှားအယွင်း ဖြစ်တတ်သည်။ နောင်မှနောင်တ ရကြစမြဲ။ ထိမ်းမြား လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ အမွေဆက်ခံခြင်း၊ သားသမီးမွေးစားခြင်း စသည်စသည်ဖြင့် စာချုပ်စာတမ်းများ အစုံအလင် ချုပ်ဆိုနိုင်သည်။ ကြိုက်ရာရွေးပါ။
စာချုပ်စာတမ်းအတု
အချို့က စာရွက်စာတမ်း အတုပြုလုပ်ကြသည်။ ဟုတ်သလိုလို ဟန်ဆောင်ကြသည်။ တစ်နေ့ပေါ်မည်။ ဒုက္ခရောက်မည်။ လိမ်ညာမှုဟူသည် ကြာရှည်မခံ။ အပြန်အလှန် စွပ်စွဲတတ်သည်။ အချက်အလက်တွေ မှန်ပြီဆိုသော်ငြား ပြဋ္ဌာန်းဥပဒေနှင့် ညီညွတ်ဦးမှ ဥပဒေနှင့် မညီလျှင် အပြစ်ဖြစ်မည်။ ဥပဒေပညာရှင် ရှေ့နေက ထောက်ပြမည်။ ဝေဖန်မည်။ သုံးသပ်မည်။ ရှေ့နေကိုယ်တိုင် အမှုသည် စိတ်ကြိုက် လိုက်စရာမလို။ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ရှင်းလင်းပြသင့်သည်။ အမှုသည် စိတ်ကြိုက်လိုက်မိ၍ (နောင်တစ်ချိန်ကျမှ) ရှေ့နေပါ အမှုသည် ဖြစ်သွားသည်။ ''တရားခံ ဖြစ်သွားသောရှေ့နေ''ဟု နာမည်ထွက်တတ်သည်။ သတိပြုဆင်ခြင်ကြရန် မေတ္တာရပ်ခံ ပါရစေ။
သေသေချာချာစိစစ်ပါ
မြေကွက်ကို သေသေချာချာ စိစစ်ပါ။ ဂရန်ကိုစစ်ဆေးပါ တကယ်မရှိသော ပစ္စည်းဖြစ်နေ တတ်သည်။ မရှိကို အရှိလုပ်တတ်ကြသည်။ အတုတွေ ဖန်တီးတတ်သည်။ ပြောမယုံ ကြုံဖူးမှသိမည်။ ပြဿနာတွေ အစုံကြုံဖူးခဲ့ပါပြီ။ ထို့ကြောင့် သေသေချာချာ စိစစ်ပါဟု ရေးခြင်းပါ။ စိတ်မရှိပါနှင့်။
အခွန်တော်
အခွန်တော် ထမ်းဆောင်ဖို့ မည်သို့သတ်မှတ် ပါသလဲ။ စာချုပ်စာတမ်းရုံး၏ လုပ်ထုံး လုပ်နည်းများ တိကျစွာ လိုက်နာရန် လိုအပ်သေးသည်။ ကန်ထရိုက် ကိစ္စများ ရှုပ်ထွေး တတ်သည်။ ခုရှုပ်မှ နောင်ရှင်းမည်။ လက်ရှိအရှုပ်ကို သေချာစွာမေးပါ။ နားလည်အောင် လုပ်ပါ။ မသေမချာနှင့် သိသယောင်ယောင် မလုပ်သင့်ပါ။
ပျက်ပြယ်သည့်အချက်များ
ပျက်ပြယ်သည့် စာချုပ်မဖြစ်ဖို့ လိုအပ်သည်။ ဥပဒေနှင့် ညီညွတ်ဖို့လိုအပ်သည်။ တရားဝင် စာချုပ်ဖြစ်ဖို့ လိုအပ်သည်။ ဘယ်ရုံးမှာဖြစ်ဖြစ် တရားဝင်သော စာချုပ်ဖြစ်ဖို့ လိုအပ်သည်။ ရေရှည်တည်တံ့ ခိုင်မြဲစေချင်သည်။
အဖိုးနည်းအိုးကွဲ
လမ်းဘေးစာချုပ်နှင့် အဖိုးနည်းအိုးကွဲ မဖြစ်စေလို။ ဥပဒေမဲ့ မဖြစ်စေလို။ တန်ရာတန်ဖိုး မပေးလို၍ လမ်းဘေးစာချုပ် ချုပ်မိသည်။ သက်သာသည် ထင်မိသည်။ မသက်သာရုံ သာမက မတန်တဆ ဆုံးရှုံးမှုများနှင့် ကြုံရဆုံရတတ်သည်။ သတိပြုစေချင်သည်။
နိုင်ငံခြားသား ကုမ္ပဏီများ
ယခုအခါ ဈေးကွက်စီးပွားရေး စနစ်အရ နိုင်ငံခြားသား ကုမ္ပဏီများ အများအပြား ပေါ်လာပြီ။ Law Firm များလည်းပေါ်လာပြီ။ ဥပဒေ ကျွမ်းကျင်သူများ၏ အကူအညီ အထူးလိုအပ်သည်။ ချုပ်ဆိုသည့် တန်ဖိုးတွေကလည်း မနည်းပါ။ ဥပဒေ ပညာရှင်များ အတွက် ဥာဏ်ပူဇော်ခ ပေးရန်နှမြောပြီး အဖိုးနည်း အိုးကွဲစာချုပ်များ မချုပ်ဆိုစေချင်ပါ။ ဥပဒေနှင့်အညီ နိုင်ငံတကာ အသိအမှတ်ပြု ဥပဒေဘောင်ဝင်သော စာချုပ်များဖြစ်မှသာ ရေရှည် အကျိုးစီးပွား တိုးပွားပါလိမ့်မည်။
အကြံပြုတင်ပြချက်
အရပ်စကား တရားမဝင်၊ အရပ်စာချုပ် ဘာလုပ်မည်လဲ။ ဥပဒေနှင့် ညီညွတ်သော စာချုပ်ချုပ်ဆို နိုင်ကြပါစေ။ တရားဥပဒေ ဘောင်အတွင်း တရားဥပဒေနှင့် ညီညွတ်သော အလုပ်များ လုပ်ကိုင်ခြင်းဖြင့် နိုင်ငံကြီးသားများ ပီသပါစေကြောင်း အကြံပြု တင်ပြအပ်ပါသည်။
ဦးဟန်ညွန့်(ဥပဒေ)
ref: မြဝတီ
Comments
Post a Comment