ယောကျာ်းမှ မိန်းမကို တရားဝင်ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေပြီး၊ ထိုသို့ယုံသောကြောင့် မိမိနှင့် ကာမစပ်ယှက်စေခြင်း


ရာဇသတ်ကြီး
ပုဒ်မ ၄၉၃။   ။ မည်သည့်ယောကျာ်းမဆို၊ မိမိနှင့် တရားဝင်ထိမ်းမြားခြင်းမပြုသော မိန်းမကို မိမိနှင့် တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ထိုသို့ ယုံကြည်စေသဖြင့် မိမိနှင့် ကာမစပ်ယှက်စေလျှင် ထိုသူကို ၁၀ နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

🇲🇲 အမှုဖွင့်သောအခါ တရားခံကို ဝရမ်းထုတ်ရမည်။ အာမခံမပေးနိုင်၊ ကျေအေးခွင့်မရှိ။

🇲🇲 (အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို တရားဝင်ထိမ်းမြားပြီးဖြစ်သည်ဟု လှည့်ဖြား၍ ယုံကြည်စေသောကြောင့် အမျိုးသမီးက ကာမစပ်ယှက်ခွင့်ပြုလျှင် ဤပုဒ်မအရ အရေးယူနိုင်သည်။)

🇲🇲 ဤပုဒ်မသည် လိမ်လည်မှုတစ်မျိုးပင်ဖြစ်သည်။ အတုအယောင်လက်ထပ်ထိမ်းမြားမှုပြုခြင်းသည် လိမ်လည်ခြင်းပင်ဖြစ်၏။

🇲🇲 မဟာမေဒင်ဥပဒေအရ မဟာမေဒင်ယောကျာ်း ၂ ဦး ရှေ့မှောက်တွင် ထိမ်းမြားလက်ထပ်ရမည်ဖြစ်သော်လည်း တရားလိုနှင့်တရားခံတို့သည် ဗလီဆရာတစ်ဦးရှေ့တွင် ထိမ်းမြားခဲ့သဖြင့် မဟာမေဒင်ဥပဒေအရ နည်းလမ်းမကျသော ထိမ်းမြားမှုသာဖြစ်၍ တရားမဝင်သော ထိမ်းမြားမှုမဟုတ်သောကြောင့် ယခုပုဒ်မနှင့် အကျုံးမဝင်ဟု ၁၉၈၃ ခုနှစ်၊ မြန်မာပြည်စီရင်ထုံး၊ စာ ၁၂၈၊ ဦးဖိုစိန်နှင့်ပြည်ထောင်စုအမှုတွင် လမ်းညွှန်ထုံးဖွဲ့ထား၏။

🇲🇲 လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပြီးနောက် စားဝတ်နေရေးဆင်းရဲမှုဒဏ်ကို မခံနိုင်သောကြောင့် စွန့်ခွာသွားခြင်းသည် ယခုပုဒ်မနှင့်သက်ဆိုင်ခြင်းမရှိဟု ၁၉၇၅ ခုနှစ်၊ မြန်မာပြည်စီရင်ထုံး၊ စာ ၁၁၄ တွင် ဆုံးဖြတ်၏။


၁၉၆၈ ခုနှစ်၊ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၁၅၁(ခ)

မောင်ညွန့်သိန်း(ခ)ဘီမိုဟန်(ပြင်ဆင်လျှောက်ထားသူ)
နှင့်
ပြည်ထောင်စုမြန်မာနိုင်ငံ(မအေးညွန့်)(ပြင်ဆင်ရန်လျှောက်ထားခံရသူ)
🇲🇲       ရာဇသတ်ကြီးပုဒ်မ ၄၉၃ အရ ပြစ်မှုမြောက်ရန်အတွက် လိုအပ်သည့်အင်္ဂါရပ်များအနက် မိမိနှင့် တရားဝင်ထိမ်းမြားခြင်းမပြုသော မိန်းမကို လှည့်ဖြားယုံကြည်စေခြင်းဟူသောအချက်သည် အရေးကြီးသည်။ မိမိနှင့် တရားဝင်ထိမ်းမြားခြင်း မပြုသော မိန်းမကို လှည့်ဖြားယုံကြည်စေခြင်းပြုလုပ်မှသာလျှင် ပြစ်မှုမြောက်သည်။ တရားဝင်ထိမ်းမြားခြင်းပြုပြီးသော မိန်းမအဖြစ်သို့ ရောက်ရှိပြီးသူနှင့် ပတ်သတ်၍ ဤပြစ်မှုမျိုးကို ကျူးလွန်နိုင်မည် မဟုတ်ချေ။

🇲🇲        လျှောက်ထားခံရသူသည် လျှောက်ထားသူ၏ တရားဝင်ဇနီးအဖြစ်သို့ရောက်ရှိသွားပြီဖြစ်သည်။ လျှောက်ထားခံရသူသည် တရားဥပဒေက အပ်နှင်းထားသော တရားဝင်ဇနီး၏ အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်သည်။ လျှောက်ထားသူသည် မိမိကိုးကွယ်သည့် ဟိန္ဒူ ဘာသာကို အကာအကွယ်ယူ၍ ဗုဒ္ဓဘာသာဝင်ဖြစ်သည့် လျှောက်ထားခံရသူအား မိမိ၏ ဇနီးမဟုတ်ဟု မငြင်းဆိုနိုင်။ ထို့ကြောင့် တရားဝင်အကြင်လင်မယားအဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်သူ ဇနီးမောင်နှံတို့အကြားတွင် ရာဇသတ်ပုဒ်မ ၄၉၃ ၌ ပြဋ္ဌာန်းထားသည့်ပြစ်မှုကို ကျူးလွန်နိုင်မည်မဟုတ်ချေ။

(ဗဟုသုတရစေရန်အတွက်သာ)


Credit: U Myo Thant



Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card