စိတ်ကြွဆေးပြားများသိမ်းဆည်းရမိ
မောင်တောခရိုင်၌ ယခုနှစ်ပထမခြောက်လအတွင်း
စိတ်ကြွဆေးပြား ၅၂ သိန်းကျော်သိမ်းဆည်းရမိ
================================
မောင်တော ဇွန် ၂၇
၂ဝ၁၇ ခုနှစ် ပထမခြောက်လတာ ကာလအတွင်း မောင်တောခရိုင်၌ မူးယစ်ဆေး ဝါးအမှုပေါင်း ၁၃ မှုနှင့် စိတ်ကြွဆေးပြား အရေအတွက် ၅၂ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု (၄၆)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
''ကျွန်တော်တို့ မောင်တောခရိုင် မူးယစ် တပ်ဖွဲ့စု (၄၆)အနေနဲ့ ၂ဝ၁၇ ခုနှစ် ပထမ ခြောက်လတာကာလအတွင်းမှာ မူးယစ် ဆေးဝါး အမှုပေါင်း ၁၃ မှုနဲ့ စိတ်ကြွဆေးပြား အရေအတွက် ၅၂ သိန်းကျော် သိမ်းဆည်းရမိ ပါတယ်။ ပြီးခဲ့တဲ့ အလားတူကာလနဲ့ နှိုင်းယှဉ် မယ်ဆိုရင် သိသိသာသာ ပိုမိုသိမ်းဆည်းရမိတာ ကို တွေ့ရမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ကတော့ ဖေဖော်ဝါရီလထဲမှာ မေယုစစ်ဆင် ရေးဆောင်ရွက်ခဲ့ပါတယ်။ ဒီကာလထဲမှာ စိတ်ကြွဆေးပြား ၄၁ သိန်းကျော် သိမ်းဆည်း နိုင်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာ အများဆုံးသိမ်းဆည်း ရမှုဖြစ်ပါတယ်''ဟု မူးယစ်တပ်ဖွဲ့စု (၄၆) မှ ရဲမှူးမောင်မောင်ရင်က ပြောသည်။ အဆိုပါ မူးယစ်ဆေးဝါး သိမ်းဆည်းရမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ တရားစွဲ အရေးယူမှုများလည်း ပြုလုပ်လျက်ရှိကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအနေဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့စုနှင့် လုံခြုံရေး အဖွဲ့များအားလုံးက ဖမ်းဆီးမှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ မောင်တောခရိုင်သည် ချောင်းမြောင်းများ ပေါများသည့်အတွက် ကာကွယ်တားဆီးရေးတွင် အခက်အခဲများရှိသော်လည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး အသိပညာပေးလုပ်ငန်းများကိုလည်း ရပ်ကွက်နှင့်ကျေးရွာများအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-မြင့်မောင်စိုး၊ အောင်ကျော်ဦး
ဓာတ်ပုံ-သက္က
refer: The Mirror Daily

Comments
Post a Comment