သာသနာအလံကို နိုင်ငံရေးအပါအ၀င် လောကီကိစ္စများတွင် အသုံးပြုပါက အရေးယူမည်
သာသနာတော် အလံကို နိုင်ငံရေး၊ လူမှုရေး၊ လောကီရေးရာကိစ္စရပ်များနှင့် မသင့်လျော်သော နေရာများတွင် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။
လက်ရှိတွင် ရဟန်း၊ သာမ ဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်အချို့သည် သာသနာတော်အလံကို နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းများက သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း သုံးစွဲခြင်းမဟုတ်ဘဲ ၎င်းတို့၏ သဘောဆန္ဒနှင့်အညီ နိုင်ငံရေး၊ လူမှုရေး၊ လောကီရေးရာကိစ္စရပ်များ တွင် သုံးစွဲနေသည်ကို တွေ့ရသောကြောင့် အရေးယူရန် ထုတ်ပြန်ခြင်းဖြစ်သည်။
သာသနာတော်အလံကို ‘၀ါဆိုလပြည့် ဓမ္မစကြာနေ့၊ သီ တင်းကျွတ်လပြည့် မဟာပ၀ါရ ဏာနေ့၊ ရှင်ပြုရဟန်းခံမင်္ဂလာ၊ ဆွမ်းကြီးလောင်းပွဲတော်၊ ဘာသာရေး သာသနာရေးနှင့် ဆိုင်သည့် သင်တန်းများ’အစရှိသော နေ့ထူးနေ့မြတ်ပွဲတော်၊ အခမ်းအနားတို့တွင် သုံးစွဲနိုင်ကြောင်း သံဃနာယကလက်စွဲတွင် ပြဋ္ဌာန်းထားပြီး ‘လမ်းဘေးလမ်းဆုံလမ်းခွ၊ မော်တော်ယာဉ်ဂိတ်၊ ရေဆိပ်၊ ဈေးစသော ဌာနတို့တွင် သာသနာတော်အလံကို အသုံးမပြုရ’ဟု ပြဋ္ဌာန်းထားသည်။
တားမြစ်ချက်များကို မလိုက်နာသော ပုဂ္ဂိုလ်များအား ဓမ္မ၀ိနယနှင့်အညီ အရေးယူပေးရန် သံဃ နာယကအဖွဲ့များက အာဏာပိုင် အဖွဲ့အစည်းများသို့ မေတ္တာရပ်ခံ ရမည်ဟု သံဃနာယကလက်စွဲ တွင် ပြဋ္ဌာန်းထားသည်။
သာသနာတော်ဆိုင်ရာ အထွတ်အမြတ်ထားသည့် ပစ္စည်းကို တလွဲသုံးစွဲပါက ယင်းဘာသာသာသနာကို ညှိုးနွမ်းစေအောင် ပြုလုပ်ခြင်းဖြစ်သောကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅ နှင့် ငြိစွန်းသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Credit 7Day new By ရဲနိုင် On June 29, 2017
Comments
Post a Comment