စာချုပ်

စာချုပ်အမျိုးမျိုးကို
ရှူဒေါင့်အသွယ်သွယ်မှ လေ့လာခြင်း
အပိုင်း(၁)
===================

စာချုပ်ဆိုတာ တကယ်တော့ ပြစ်မှုပုဒ်မ ၃၀
အရ အဖိုးတန်စာတမ်းအမှတ်အသား တစ်ခုပါ။
ဒါပေမဲ့ တစ်ချို့က အခွန်တံဆိပ်ခေါင်းပါသော စာချုပ်ပုံစံအလွတ်
တွင် အက္ခရာတင်တာနဲ့ ပြီးပြည့်စုံပြီဟု ယူဆကြပေသည်။
သတ်မှတ်ထားသော ဥပဒေအင်္ဂါရပ်များ နှင့် မညီလျှင်
စည်းနှောင်အားမရှိနိုင်ပေ။ တချိန်ချိန် အငြင်းပွါးချက် တစ်စုံတစ်ရာ
ပေါ်လာပါက  အားနည်းသောစာချုပ်ဖြစ်နေလျှင် စာချုပ်မဟုတ်
တော့ဘဲ စုတ်ချာသော စက္ကူ တစ်ရွက်မျှသာဖြစ်သွားနိုင်သည်ကို
သတိပြုရပေမည်။

စာချုပ်တစ်ခု ချုပ်မည်ဆိုလျှင် ယေဘူယျအားဖြင့်
ပဋိညာဉ်ဥပဒေ  သက်သေခံဥပဒေ  တံဆိပ်ခေါင်းဥပဒေ
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ  စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ များသာမက ချုပ်ဆိုမည့် စာချုပ်နှင့်
ဆက်စပ်နေသောဥပဒေများ  အကြောင်းခြင်းရာများပါ လေ့လာ၍ ပြုလုပ်သင့်ပါသည်။

စာချုပ်တခုချုပ်ဆိုလျှင် ဦးစွာဆန်းစစ်ရမည်မှာ ပဋိညာဉ်ဖွဲ့ခြင်း
ဖြစ်သည့်အတွက် ပဋိညာဉ်ဥပဒေ (contract) နှင့်အညီ
ချုပ်ဆိုရပါမည်။ ဆနိ့ကျင်၍ မရပေ။ ဆန့်ကျင်လျှင် ပျက်ပြယ်
တတ်ပါသည်။ 

ပဋိညာဉ်တစ်ခုတရားဝင်စေရန် ကမ်းလှမ်းခြင်း လက်ခံခြင်း
သဘောတူခြင်း အဘိုးစားနား  လွတ်လပ်သောဆန္ဓ 
ပဋိညာဉ်ပြုနိုင်သည့်အရည်အချင်း စသည်တို့ကို စိစစ်ရမည်။
ပဋိညာဉ်ဥပဒေပုဒ်မ ၁၀ မှ ၂၃ အထိ (ပျက်ပျယ်ခွင့်ရှိသော
ပဋိညာဉ်) ယင်းဥပဒေပုဒ်မ၂၄ မှ ၃၀ အထိ ( ပျက်ပြယ်သော
သဘောတူညီချက်)နှင့် ယင်းဥပဒေပုဒ်မ ၃၁ မှ ၃၆ အထိ
( မုချဖြစ်မည်ဟုမဆိုနိုင်သောပဋိညာဉ်) များ မဖြစ်စေရန်
စာချုပ်သည်နှင့်တစ်ပြိုင်နက် စဉ်းစားရပါမည်။

မြန်မာနိုင်ငံတရားစီရင်ထုံးများ အပေါ်လေ့လာလျှင် စာချုပ်များ
အများဆုံးပျက်ပြယ်စေသော ပုဒ်မမှာ ပဋိညာဉ်ဥပဒေပုဒ်မ
၂၃ ဖြစ်ပေသည်။ ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ တွင် 
"သဘောတူညီချက်၏အဖိုးစားနား သို့မဟုတ် ရည်ရွယ်သည့်
အကြောင်းရင်းသည် အောက်ပါအချက်များတွင် အကျုံးမဝင်
ပါက တရားဥပဒေနှင့် ညီညွတ်သည်။
       တရားဥပဒေက တားမြစ်ထားသည့်အချက်  သို့မဟုတ်
       ခွင့်ပြုပါက တရားဥပဒေတစ်ရပ်ရပ်၏ ပြဌာန်းချက်ကို
       ပျက်ပြယ်စေသည့်အချက် သို့မဟုတ် လိမ်လည်ရာ
       ရောက်သည့်အချက် သို့မဟုတ် လူတစ်ဦးကိုဖြစ်စေ
       လူတစ်ဦး၏ပစ္စည်းကို ဖြစ်စေ အကျိုးပျက်စီးစေသည့်
       အကျိုးပျက်စီးရာရောက်စေသည့်အချက် သို့မဟုတ်
       အကျင့်စာရိတ္တပျက်ပြားစေသည်ဟုဖြစ်စေ  အများ
       ပြည်သူအကျိုးကို ဆန့်ကျင်သည်ဟု ဖြစ်စေ တရားရုံးက
       ယူဆသည့်အချက် " ဟူ၍ ပြဌာန်းထားပါသည်။

မြန်မာနိုင်ငံတရားစီထုံးများစွာအနက် ပဋိညာဉ်ဥပဒေပုဒ်မ ၂၃
တစ်ချက်တည်းဖြင့်ပွဲသိမ်းသွားသောအမှုများမှာ-
*ချေးငွေကို အိမ်မြေအရောင်းအဝယ် စရန်ပေးငွေအဖြစ်ဖန်တီး
 ထားသည့် ဟန်ဆောင်စာချုပ်ကို့် အခြေခံ၍ စွဲဆိုသောအမှုတွင်
 စာချုပ်ပါစရန်ငွေကို  ပြန်ပေးရန် တာဝနိရှိပါသည်ဆိုသော 
 မူလရုံးအမိန့်နှင့် ပထမ အယူခံရုံးအမိန့်သည် မှန်ကန်သည်ဟု
 မဆိုနိုင်ပေ။
 ( ဒေါ်အေးအေး နှင့် ဒေါ်နန်းလီ  ၂၀၁၂ မတစ ၂၁၇  )

*ငွေချေးသူငွေရှင်က အတိုးနှုန်းယူရန်သဘောတူခဲ့ပါလျှက်
  ယင်းအတိုးနှုန်းကို ငွေချေးစာချုပ်တွင်မဖေါ်ပြခဲ့လျှင်
  ထိမ်ဝှက်ခြင်းမြောက်သောကြောင့် ၁၉၄၅ ငွေတိုးချစားသူများ
  အက်ဥပဒေပုဒ်မ ၁၅ အရ စာချုပ်တစ်ခုလုံးပျက်ပြယ်သည်။
  ယင်းစာချုပ်ကို မှီခိုအားထားကာ မြေရှင်ကတရားစွဲခွင့်မရှိ။
(ကာဆီပရာဆပ်ကန်ထရိုက်တာ နှင့် ဒလစ်ဆင်းကန်ထရိုက်တာ)
                 ၁၉၇၁  မတစ ( ရုံးချုပ်)  ၃၈

စာချုပ်တစ်ရပ်သည် အကျိုးသက်ရောက်စေရန် ရည်ရွယ်ချုပ်ဆို
သော စာချုပ်မျိုးမဟုတ်ဘဲ ဟန်ဆောင်စာချုပ်ဖြစ်ပါမူ စာချုပ်
ချုပ်ဆိုသူတို့သည် ဟန်ဆောင်စာချုပ်မျှသာဖြစ်ကြောင်း
နှုတ်သက်သေခံတင်ပြနိုင်သည်။ အကြောင်းမူ ဟန်ဆောင်
စာချုပ်ကို ဥပဒေအရ အတည့်ပြု ခွင့်မရှိသဖြင့် ပဋိညာဉ်
မမြောက်ပေ။
(   ဒေါ်သန်းတင် နှင့် ဒေါက်တာခင်မောင်ဝင်းပါ၂    )
                 ၁၉၈၁  မတစ  ၉၆

ချဲထီကိစ္စအတွက် ပြုလုပ်သော စာချုပ်သည် ပဋိညာဉ်ဥပဒေ
ပုဒ်မ ၂၃ အရပျက်ပြယ်သည်။ ပဋိညာဉ်ပဒေပုဒ်မ ၉၁/၉၂
ကိုဆန့်ကျင်၍ နှုတ်သက်သေခံ တင်ပြနိုင်သည်။
(ဦးအလီ နှင့်  ဦးဌေးကြိုင် ၁၉၉၂  တရားမပယူခံမှု ၁၀)

အမွေဆိုင်များ၏အကျိုးကို ဆန့်ကျင်ရောင်းချသည့် ပစ္စည်း
မှာ ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်သည်။
( ဒေါ်ညွန့်တင်  နှင့်  ဒေါ်အုန်းကြည် ၁၉၉၁ မပယူခံ ၁၁၉)

ရောင်းသူဝယ်သူနှစ်ဦးက အရောင်းအဝယ်ပြုလုပ်သည့်
တန်ဘိုးကို လျော့နည်း၍ မမှန်မကန် ဖေါ်ပြခြင်းသည်
အမြတ်ခွန်နှင့် တံဆိပ်ခွန်များသက်သာစေရန် သက်ဆိုင်ရာ
ဋ္ဌာနများကို လိမ်လည်လှည့်ဖြားခြင်းဖြစ်၍ ပဋိညာဉ်ဥပဒေ
ပုဒ်မ၂၃ အရ တရားဥှုပဒေနှင့်မညီသဖြင့် အတည်မပြုနိုင်။
( ဒေါ်စပ်ချစ်ဦး  နှင့် ဦးစိုင်းရီ  ၂၀၀၂ မတစ ၂၆၀   )

အမွေဆက်ခံသည့်ဓမ္မသတ် ( မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ)
သည်ဥပဒေဖြစ်သောကြောင့် ယင်းဥပဒေနှင့်ဆန့်ကျင်သော
ပဋိညာဉ်အရပ်ရပ်သည် ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ အရ
ပျက်ပြယ်သည်။
( ဒေါ်လွန်းပါ ၅ နှင့် ဒေါ်သိန်းရင်  ၁၉၉၁  မတစ  ၁၄၉ )

တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် သဘော
ူတူုညီချက်သည်ပဋိညာဉ်ဖြစ်သည်။ ကတိတိုင်းသည်အပြန်
အလှန်အဖိုးစားနားဖြစ်မှ သဘောတူညီချက် မည်သည်။
အဖိုးစားနားမရှိသော သဘောတူညီချက်ကို အတည်မပြုနိုင်။
( မောင်ဝေလင်းလျံ ပါ ၄ နှင့် မထက်ထက်အောင်   )
               ၂၀၁၅  မတစ  ၂၉၆

သိုဖြစ်၍ စာချုပ်တစ်စောင်ကို ဥပဒေနှင့်ညီမညီ ဦးစွာ
အကဲဖြတ်ရမည့် မှတ်ကျောက်သည် ပဋိညာဉ်ဥပဒေသာလျှင်
ဖြစ်ပါကြောင်း မြင်သာလှပါပေသည်။

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card