ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ
သီးခြားမှုခင်းများအတွက်တရားရုံးများတည်ထောင်ခြင်း
ဥပဒေတစ်ရပ်ရပ်ဖြင့် သီးခြားပြဌာန်းချက်များအရ လည်းကောင်း၊ အချိန်အခါ အလျောက် အများအပြား ဖြစ်ပွားလေ့ရှိသည့် မှုခင်းများနှင့်စပ်လျဉ်း၍ ယင်းအမှုများကို လျင်လျင်မြန်မြန် စစ်ဆေး စီရင်နိုင်ရန်လည်းကောင်း သီးခြားတရားရုံးများကို တည်ထောင် ထားပါသည်။ မော်တော်ယာဉ် တရားရုံးများ၊ စည်ပင်သာယာတရားရုံးများ၊ ကလေးသူငယ်တရားရုံးများ အပါအဝင် အချို့သော အထူးဥပဒေအရ သီးခြားတရားရုံးများကို အမှုများ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ရန် အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တည်ထောင်ထား ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ် ဥပဒေကို ပြဌာန်းခဲ့ပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖေါ်ဆောင်ရွက်ရန် ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ တရားစီရင်ရာတွင် ပြစ်မှုသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပြစ်မှုကျူးလွန်သည့် ကလေးသူငယ်တစ်ဦးအား စီရင်ပိုင်ခွင့်ရှိ တရားရုံး ၌ စစ်ဆေးစီရင် ပါသည်။ သာမန် အခြေအနေများတွင် ကလေးသူငယ်အား ဖြစ်နိုင်သရွေ့ သေးငယ်သည့် ပြစ်ဒဏ်ပေးခြင်းဖြင့် ၎င်းအား ကိုယ်ကျင့်တရားကောင်းမွန်ရန် ပြုပြင်ပြီး အကျင့်စာရိတ္တ ကောင်းမွန် မြင့်မားစွာဖြင့် အကျိုးရှိရှိ ဘဝတွင်ဆက်လက်ရပ်တည်သွားနိုင်ရန်ဥပဒေပြုသူက ရည်ရွယ်ခြင်းဖြစ်ပါသည်။ ထိုသို့သော စိတ်ဓာတ်ခံယူချက်မျိုး ဖြစ်ပေါ်တိုးတက်စေရန်အတွက် ကလေး သူငယ်အား သေဒဏ် နှင့်တစ်သက်တစ်ကျွန်းဒဏ် သို့မဟုတ် ကြိမ်ဒဏ်ကျခံစေခြင်း မပြုနိုင်ကြောင်း ဥပဒေက တားမြစ်ထားပါသည်။
ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်တရားသူကြီးများနှင့် မြို့နယ် တရားသူကြီးများကို ကလေးသူငယ်မှုခင်းများ စစ်ဆေးစီရင်ပိုင်ခွင့်အာဏာ အပ်နှင်းထားပါသည်။ ရန်ကုန်မြို့ရှိ သီးခြား ကလေး သူငယ်တရားရုံးသည် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ် ၂၀ အတွင်း ဖြစ်ပွားသည့် ကလေးသူငယ်မှုခင်းများကို စစ်ဆေးစီရင်ရန် ဖွဲ့စည်းတည်ထောင်ထားခြင်း ဖြစ်ပါသည်။ မန္တလေး စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ် ၅ မြို့နယ်တွင် ဖြစ်ပွားသည့် ကလေးသူငယ်မှုခင်းများကို စစ်ဆေးစီရင်ရန် မန္တလေးကလေးသူငယ်တရားရုံးကို သီးခြား တည်ထောင်ထားပြီး ဖြစ်ပါသည်။ အထက်ပါ နေရာများမှလွဲ၍ မြို့နယ်တရားရုံးအသီးသီးတွင် ကလေးသူငယ် တရားရုံးများကို မြို့နယ်တရားရုံး အဆောက်အဦအတွင်း၌ပင် သီးခြားခွဲ၍ ဖွဲ့စည်းတည်ထောင်ပြီး ကလေးသူငယ် မှုခင်းများကို မြို့နယ်တရားသူကြီးကသာ စစ်ဆေး စီရင်လျှက် ရှိပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ညှိနှိုင်းပြီး စည်ပင်သာယာမှုခင်းများ စစ်ဆေးစီရင်နိုင်ရန် သီးခြားတရားရုံးများကို ရန်ကုနမြို့တွင် တည်ထောင်ထားပါသည်။ စည်ပင်သာယာ မှုခင်းများတွင် ရန်ကုနမြို့တော် စည်ပင်သာယာဥပဒေ၊ စည်းမျဉ်းဥပဒေ၊ တစ်ဆင့် ပြဌာန်းထားသည့် ဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုများ ပါဝင်သည်။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်ညှိနှိုင်းပြီး မန္တလေးမြို့ စည်ပင်သာယာ ဥပဒေအရ ကျူးလွန်သော စည်ပင် သာယာမှုခင်းများ စစ်ဆေးစီရင်နိုင်ရန် သီးခြားတရားရုံးများကို မန္တလေးတွင် ဖွင့်လှစ်ထားပါသည်။ အလားတူ နေပြည်တော်ကောင်စီနယ်မြေတွင် ဖြစ်ပွားသော စည်ပင်သာယာ မှုခင်းများ အတွက် သီးခြား တရားရုံး တည်ထောင်ထားပါသည်။
မော်တော်ယာဉ်တရားရုံးများ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများကို စစ်ဆေးစီရင်နိုင်ရန် အလို့ငှာ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုနမြို့တော်စည်ပင်သာယာနယ်နမိတ် နှင့် မန္တလေးစည်ပင်သာယာ နယ်နမိတ်များတွင် သီးခြားတရားရုံးများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်မှုကော်မတီနှင့် ညှိနှိုင်းပြီး သီးသန့်ဖွဲ့စည်း တည်ထောင်ထားပါသည်။
Credit: ပြည်ထောင်စုတရားလွှတ်တော်ချုပ် website မှ ကူးယူဖော်ပြသည်။
{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}
Credit: ပြည်ထောင်စုတရားလွှတ်တော်ချုပ် website မှ ကူးယူဖော်ပြသည်။
{Like & Share ခြင်းဖြင့် ဥပဒေဗဟုသုတများ မျှဝေပါ}
Comments
Post a Comment