လက်ရောက်ရထားခြင်း၏ကောင်းကျိုး

ပစ္စည်းလွဲပြောင်းပေးရေးဥပဒေ ပုဒ်မ-၅၃(က) ၊ ၅၄


ရွေ့ပြောင်းနိုင်သော ပစ္စည်းအား အရောင်းအဝယ်ပြုသည့်အခါ မဖြစ်မနေ စာချုပ်ချုပ်ရန်မလိုအပ်ပဲ လက်ရောက်ပေးအပ်ရင် အရောင်းအဝယ် အထမြောက်ပါသည်။ မှတ်ပုံတင် စာချုပ်ချုပ်ရန်မလိုပါ။
မရွေ့မပြောင်းနိုင်သော ပစ္စည်းအား အရောင်းအဝယ်ပြုသည့်အခါ စာချုပ်ချုပ်ကြသည်။ ထိုစာချုပ်အား မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၁၇ အရ မှတ်ပုံတင်မှသာ တရားရုံးတွင် သက်သေခံဝင်မည်ဖြစ်ပြီး ပစ္စည်းလွဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၅၄ အရ အရောင်းအဝယ် အထမြောက်ပါမည်။ 
အကယ်၍ မှတ်ပုံတင်စာချုပ် ချုပ်ဆိုခဲ့ခြင်းမရှိသော်လည်း
၁။ မှတ်ပုံမတင်ထားသော စာချုပ်ချုပ်ဆိုထားမည် (အရပ်စာချုပ်)
၂။ ရောင်းဖိုးငွေအကြေပေးချေထားမည်
၃။ ဝယ်ယူထားသည့် မရွေ့မပြောင်းနိုင်သော ပစ္စည်းအား လက်ရောက်ရယူထားမည် ဆိုပါက ပစ္စည်းလွဲပြောင်းရေးအက်ဥပဒေ ပုဒ်မ ၅၃-က အရ အခြားသူအား ရန်မူနိုင်သည့် ဓါးမဟုတ်ဘဲ ဒိုင်းကဲ့သို့ အကာအကွယ်ရနိုင်သည်။ (Part Performance is a shield but not sword)
အဆိုပါ မှတ်ပုံတင်စာချုပ် ချုပ်ဆိုထားသော မရွေ့မပြောင်းနိုင်သော ပစ္စည်းအပေါ် ကျုးကျော်သူဝင် ရောက်လာလျှင် သီခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ ၉ဖြင့်ဖြစ်စေ၊ ပုဒ်မ ၈ဖြင့်ဖြစ်စေ ကျုးကျော်သူအား နှင်လိုမှုဖြင့် တရားမတရားရုံးတွင် တရားစွဲဆိုနိုင်ပါသည်။ သို့ရာတွင် အရပ်စာချုပ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်ထားပါက မရွေ့မပြောင်းနိုင်သော ပစ္စည်းအပေါ် ကျုးကျော်သူဝင် ရောက်လာလျှင် သီခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၉ဖြင့်သာ တရားစွဲဆိုနိုင်သည်။
သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၈ သည် ကျုးကျော်မှုခံရသည့်နေ့မှစ၍ (၁၂)နှစ်အတွင်း တရားစွဲဆိုရမည်။ (ကာလစည်းကမ်းသတ် အက်ဥပဒေ အပိုဒ် ၁၄၂/ ၁၄၄) အယူခံနိုင်ခွင့်ရှိသည်။ ပိုင်ဆိုင်မှုပေါ် အခြေခံသည်။
သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၉ သည် ကျုးကျော်မှုခံရသည့်နေ့မှစ၍ (၆)လအတွင်း တရားစွဲဆိုရမည်။ (ကာလစည်းကမ်းသတ် အက်ဥပဒေ အပိုဒ် ၃) အယူခံခွင့်မရှိပါ။ လက်ဝယ်ရှိမှုပေါ် အခြေခံသည်။
ကျုးကျော်ခံရတယ်ဆိုတာက မိမိလက်ရှိကနေ လက်မဲ့ဖြစ်ခြင်း၊ ဥပဒေမဲ့စွာ မတရားသဖြင့် မိမိမြေပေါ် ကျုးကျော်ဝင်ရောက်ခြင်းသာဖြစ်သည်။

မမုံးနှင့် ဦးမင်းဆင် 
၁၉၆၄ခုနှစ်၊ မတစ၊ စာ-၄၂၇တွင်
ပစ္စည်းလွဲပြောင်းပေးရေးဥပဒေ ပုဒ်မ-၅၃(က)နှင့် အကျုံးဝင်ရန် အောက်ပါအင်္ဂါရပ်များ ပြည့်စုံရန်လိုသည်-

(၁) မရွေ့မပြောင်းနိုင်သည့် လွှဲပြောင်းရန် ပဋ္ဋိညာဉ်ရှိခြင်း၊

(၂) ထိုပဋ္ဋိညာဉ်သည် အဖိုးစားနာဖြင့် လွှဲပြောင်းပေးရန်ဖြစ်ခြင်း၊

(၃) ပဋ္ဋိညာဉ်စာချုပ်ကို စာဖြင့်ရေးသားထားပြီး ပဋ္ဋိညာဉ်ပြုသူ (သို့မဟုတ်) ၎င်း၏ကိုယ်စားလှယ်က လက်မှတ်ရေးထိုးရမည်။

(၄) ထိုပဋ္ဋိညာဉ်တွင် ပစ္စည်းလွှဲပြောင်းမည့် စည်းကမ်းချက်များကို တရားရုံးက သေချာစွာ ခန့်မှန်းနိုင်ခြင်း၊

(၅) ပဋ္ဋိညာဉ်တစ်စိတ်တစ်ဒေသကို ဆောင်ရွက်မည့်အနေဖြင့် လွှဲပြောင်းခံယူမည့်သူက ပစ္စည်းအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ဒေသကို လက်ရောက်ရယူခဲ့ခြင်း၊ လွှဲပြောင်းခံယူမည့်သူသည် ပဋ္ဋိညာဉ်ပြုလုပ်စဉ် ပစ္စည်းကို လက်ရှိဖြစ်ပါက ပဋ္ဋိညာဉ်အား ဆက်လက်ဆောင်ရွက်သည့်အနေဖြင့် ပြုလုပ်မှုတစ်ခုခုကို ဆောင်ရွက်ပြီးခြင်း၊

(၆) လွှဲပြောင်းခံယူမည့်သူသည် ပဋ္ဋိညာဉ်အရ ဆောင်ရွက်ရန်ရှိသည့် မိမိတာဝန်ကို ဆောင်ရွက်ပြီးစီးခြင်း (သို့မဟုတ်) ဆောင်ရွက်ရန် အသင့်ရှိခြင်းတို့ဖြစ်သည်။”

Aye Mon Aung

Comments

Popular posts from this blog

ဥပဒေစာအုပ်(Pdf)များဖတ်ရှုလိုသူများအတွက်

မွေးစားသားသမီး(ကိတ္တိမ)အကြောင်းသိကောင်းစရာ

Labour Card